Hello Saigon - Day 2 : Mui Ne Sand Dunes

ဖေဖော်ဝါရီ ၂၀၁၇။
ဟိုချီမင်း (ဆိုင်ဂုံ) - မွေ့နဲ။

The Sinh Tourist
မနက် ၆ နာရီခန့်မှာ ဟိုတယ်ကနေ တစ်ခါတည်း check out ထွက်ပြီး မွေ့နဲသွားဖို့ ကြိုတင် ဘွတ်ကင် လုပ်ထားတဲ့ တိုး ကုမ္ပဏီကို လမ်းလျှောက်ကြပါတယ်။ ကိုယ်တို့ ၀ယ်ထားတဲ့ mui ne tour package က ဒီက အတိုင်းပါ။

တည်းတဲ့ Platinum Hotel ကနေ TheSinhTourist ကို ၁၅ မိနစ်လောက် လမ်းလျှောက်ရပါတယ်။ မနက်စောစော လမ်းရှင်းနေတော့ လမ်းလျှောက်ရတာတာ သာသာယာယာပါပဲ။ September 23 ပန်းခြံကို ဖြတ်သွားရပြီး ပန်းခြံထဲမှာ လေ့ကျင့်ခန်းလုပ်နေကြတဲ့သူတွေ အများအပြားပါပဲ။ တိုးကုမ္ပဏီရဲ့ ရုံးခန်းမှာတော့ တိုးရစ်တွေ တော်တော်များပါတယ်။ booking လုပ်ထားတဲ့ စာရွက်ကိုပြ ကားလက်မှတ်ထုတ်ပြီးတဲ့အချိန်မှာတော့ စီးရမယ့်ကားကို ခဏစောင့်ရပါတယ်။

နှစ်ထပ် ဘတ်စကား

ဒါက မအိပ်ခင်လေး welfie

၇ နာရီထွက်မယ့်ကားက ၇ နာရီမထိုးခင် ၇ မိနစ်ခန့်အလိုမှာ ရောက်လာပါတယ်။ ရှေ့က တက်တဲ့ ခရီးသည်တွေကို ဒရိုင်ဘာက ကျွတ်ကျွတ်အိတ်တစ်ယောက်တစ်အိတ်စီ ပေးနေတာရယ်၊ တက်တဲ့သူတွေက ဖိနပ်ချွတ်ပြီး အဲဒိ အိတ်ထဲ ထည့်ပြီးမှ ကားပေါ်တက်သွားတာရယ် မြင်လိုက်ရတော့ တော်တော် စိတ်ညစ်သွားပါတယ်။ ဘယ့်နှယ် ဒီကား ကြီးကျယ်လိုက်တာ၊ သူ့ကားပေါ် ဖိနပ်မစီးရဘူးပေါ့။ ကိုယ့်အလှည့်မှာ သူပေးတဲ့အိတ်ထဲ ဖိနပ်ထည့်ပြီး ကိုယ့်ထိုင်ခုံနံပါတ်ကို သွားမယ့် ကြည့်လိုက်တော့မှ ကားက နှစ်ထပ် ကုတင်တွေပါတဲ့ အိပ်စင်ပါ ကားဖြစ်နေတာ တွေ့ရပါတယ်။ အတန်း ၃ တန်း ရှိပြီး အားလုံးက နှစ်ထပ် အိပ်စင်တွေ ဖြစ်ပါတယ် စစချင်း သွားရတာ၊ ကိုယ့်နေရာကိုယ် ၀င်ရတာ ခက်ပေမယ့် ထိုင်ပြီးတဲ့ခဏမှာတော့ အရမ်းကို သဘောကျသွားပါတော့တယ်။ ခြေထောက်ကောင်းကောင်းဆန့်ပြီး အိပ်လို့ရတဲ့ အနေအထားဆိုတော့ သက်သောင့်သက်သာ တော်တော်ရှိပါတယ်။ တစ်ခုပါပဲ၊ ကိုယ်က ယောက်ျားလေး အပေါ်က မိန်းကလေးဆိုရင်တော့ ကိုယ်တို့ မြန်မာအယူအဆက တယ်မနှစ်မြို့ကြဘူးပေါ့။ ကိုယ်တို့အားလုံး အောက်ထပ်ထိုင်ခုံတွေပဲ ရကြတော့ အပေါ်တက်ရ သက်သာသွားတယ်လို့ပဲ မှတ်ပါတယ်။ ကားပေါ်မှာ ၀ိုင်ဖိုင်ရှိပါတယ်။

အသွားအပြန် လမ်းမှာ နားတဲ့ ဆိုင်..
အသွားနားတုန်း အဲဒိဆိုင်က ကျွဲကောသီး၊ သရက်သီးနဲ့ Banh Mi ဆိုတဲ့ အသားညှပ်ပေါင်မုန့်ဝယ်စားခဲ့တယ်
အပြန်နားတဲ့အခါကျ ပိန်းနှဲသီး ၀ယ်စားခဲ့တယ်

မနက် ၇ နာရီအတိမှာ ကားစထွက်ပါတယ်။ ဆိုင်ဂုံကနေ မွေ့နဲကို လမ်းမှာ ခဏနားချိန် အပါအ၀င် ၅ နာရီခွဲခန့် မောင်းရပါတယ်။ လမ်းတစ်လျှောက်ကားလမ်း မကျပ်ပါဘူး။ အဝေးပြေးလမ်းလိုလည်း ရှင်းမနေပါဘူး။ ပုံမှန်ပါပဲ။ ကားလမ်းတွေ အရမ်းကောင်းပြီး ကားလမ်းတောက်လျှောက်မြို့တွေက ဆက်နေပါတယ်။ ကားက ကီလို ၈၀ ခန့်နဲ့သာ အေးအေးဆေးဆေး မောင်းနေတာပါ။

Mui Ne Resort
မွေ့နဲမြို့ထဲ ၀င်အပြီး မကြာခင်မှာပဲ ကမ်းခြေဖြူလွလွနဲ့ အရမ်းလှနေတဲ့ ပင်လယ်ပြာကြီးကို စတွေ့ရပါပြီ။ ကားက ပင်လယ်နဲ့အပြိုင်မောင်းနေတော့ တစ်လမ်းလုံးအိပ်နေတဲ့သူတွေတောင် ထပြီး ရှူခင်းကြည့်ကြပါတယ်။ တည်းရမယ့် Mui Ne Resort ကို ရောက်တဲ့အချိန်က ၁၂ နာရီ ခွဲခန့်ပါ။

Mui Ne Resort

Set lunch ထဲကနေ ပထမဆုံး လာချတဲ့ သရက်သီးဖျော်ရည်

ဒါက နောက်ထပ်ချတဲ့ Set Lunch

ချက်အင် ၀င်အပြီး တစ်ခါတည်း resort ရဲ့ restaurant မှ နေ့လည်စာကျွေးပါတယ်။ နေ့လည်စာက set lunch ပါ။ ထိုင်ခုံထိုင်ထိုင်ချင်း ဒီနေ့ကျွေးမယ့် မီနူးစာရင်းကို လာပြပါတယ်။ ပြီးတော့ ဗီယက်နမ်လို ရှင်းပါတယ်။ အမျိုးအမည်တွေက များနေတော့ အဲဒိထဲက ရွေးရမယ်မှတ်ပြီး တစ်ယောက်တစ်မျိုးရွေးကြပါတယ်။မီနူးလာပြတဲ့ အမျိုးသမီးကလည်း အင်္ဂလိပ်လိုကြိုးစားရှင်းပေမယ့် မရေလည်၊ ကိုယ်တွေကလည်း အီးလိုပဲ ပြောတတ်တော့ သူနားမလည်၊ နောက်ဆုံး သူလည်းစိတ်ညစ်ပြီး ဘာမှမပြောဘဲ ထွက်သွားပါတယ်။ ကိုယ်တို့လည်း ဟာ ဒီအမျိုးသမီး ရိုင်းတယ်ပေါ့။ ဒီမှာ မှာလို့မပြီးသေးဘူး ထွက်သွားတယ်ပေါ့။ ပြီးတော့မှ cold tea က စပြီး တစ်မျိုးပြီး တစ်မျိုးလာချမှ သဘောပေါက်သွားပါတော့တယ်။ အဲဒိ resort မှာ စားခဲ့ရတဲ့ သုံးနပ် နဲ့ မနက်စာ တစ်နပ် အားလုံး အရမ်းစားကောင်းပါတယ်။ ပါလာတဲ့သူငယ်ချင်းဆို အဲဒိ အစားအစာတွေ ထပ်စားချင်လို့ မွေ့နဲကိုပဲ ထပ်သွားချင်နေတယ်လို့ ပြောရတဲ့အထိပါပဲ။ စားပြီးတော့ အခန်းပြန်နားကြပါတယ်။ ရတဲ့အခန်းက ဘန်ဂလို အမျိုးအစားလေးတွေပါ။ အခန်းလေးတွေ နဲနဲ ကျဉ်းပေမယ့် သပ်သပ်ရပ်ရပ်နဲ့ ပြည့်ပြည့်စုံစုံ ရှိပါတယ်။ အခန်းဘေး ကပ်လျက်က ရေကူးကန်ပါ။ အခန်းထဲ ခဏနားပြီး နေ့လည် ၂ နာရီခွဲမှာ တိုးက မီနီဘက်စ်နဲ့ တံငါရွာကို သွားကြပါတယ်။

ဒါက resort နဲ့ မျက်နှာချင်းဆိုင်က တိုးကုမ္ပဏီနဲ့ အစားအသောက်ဆိုင်တွေ... တခြား လက်ဆောင်ပစ္စည်းဆိုင်တွေ အ၀တ်အထည်ဆိုင်လေးတွေလည်း ရှိတယ်..

Fishing Village, Mui Ne
တံငါရွာဆိုပေမယ့် လူနေတဲ့ ရွာမဟုတ်ပါဘူး။ တံငါသည်တွေ ငါးဖမ်း၊ ငါးခြောက်လှမ်းနေကြတဲ့ ပင်လယ်ကမ်းစပ် နေရာပါ။ အဲဒိမှာ စိတ်ဝင်စားစရာကောင်းတာက တံငါလှေလေးတွေ။ သစ်သားခွက်ပုံစံ အ၀ိုင်းဖြစ်ပြီး လက်နဲ့ပဲ လှော်ကြပါတယ်။ ရောင်စုံ လှေအ၀ိုင်းလေးတွေ ပင်လယ်ထဲမှာ အများကြီး တွေ့ရတာ တကယ့် ပန်းချီကားချပ်ပါပဲ။ ငါးတွေ ပုစွန်တွေ လှမ်းထား ၊ အလုပ်လုပ်နေကြတော့ ငါးညှီနံ့တော့ ရှိပါတယ်။

ဖမ်းလာတဲ့ငါးတွေကို ကမ်းစပ်မှာတင် ရွေးချယ်ကြတယ်

ကမ်းစပ်ကနေ လှမ်းမြင်ရတဲ့ ငါးဖမ်းလှေတွေ

တစ်ချက်တစ်ချက် ရတဲ့ ငါးညှီနံ့တွေကို လျစ်လျူရှုနိုင်မယ်ဆိုရင် 
ဒီမြင်ကွင်းက အလှဆုံးပန်းချီကားတစ်ချပ်လိုပါပဲ

သူတို့ရဲ့ ငါးဖမ်းလှေက ဒီလိုဝိုင်းဝိုင်းလေး

ရောက်ခဲ့တယ် အမှတ်တရ ပေါ့လေ


ကားပေါ် ပြန်တက်ပြီး ဆက်ထွက်လာတော့ သဲသောင်ပြင်ဝါ၀ါကြီးတွေကို လှမ်းတွေ့ရပါတယ်။ ဂိုက်က အဲဒါ အပြန်ကျ ၀င်မယ် Yellow Sand Dune ဖြစ်တယ်၊ အခုတော့ White Sand Dune အရင်သွားကြမယ်လို့ ပြောပါတယ်။ ကားပေါ်ကနေ မြင်နေရတဲ့ သဲသောင်ပြင်၊ ပင်လယ်၊ ကျောက်ဆောင်တွေက အရမ်းလှပါတယ်။


နွားအုပ်သိမ်းချိန်

White Sand Dune


White Sand Dune

တစ်နာရီခန့် မောင်းအပြီးမှာတော့ အဖြူရောင်သဲခုံတွေဆီကို ရောက်ပါပြီ။ white sand dune က yellow sand dune ထက် အများကြီး ပိုကျယ်ပြန့်ပါတယ်။ သဲသောင်ပြင်ပေါ် လမ်းလျှောက်ရင်း သဲကန္တာရကို ရောက်နေသလို ခံစားရပါတယ်။ မျက်စိတစ်ဆုံး အဖြူရောင်သဲခုံတွေက အမြင်သာနီးပြီး တကယ်လမ်းလျှောက်တော့ ရှေ့ကို မရောက်ပါဘူး။  သွားချင်တာက ဟိုးမြင်နေရတဲ့ ကားဘီးရာ၊ လူခြေရာတွေ မရှိတဲ့နေရာ။ တကယ်တန်း သွားနိုင်တာက သဲခုံတစ်ခု ထိပါပဲ။ ကံကောင်းချင်တော့ နေအရမ်းမပူဘဲ တိမ်တွေရှိတဲ့အတွက် အပူနဲနဲ သက်သာသွားပါတယ်။ လေကတော့ အနည်းငယ်ပြင်းထန်ပါတယ်။ စိတ်ကျေနပ်လောက်အောင် ဓာတ်ပုံတွေ ရိုက်ပြီးတဲ့အခါမှာတော့ ပြန်ဆင်းကြပါတယ်။

ကိုယ်ကတော့ သဲမြင်ရင် ဖိနပ်ချွတ်တတ်သူဆိုတော့ ဖိနပ်မပါဘူး

နောက်က ဂျစ်လိုမျိုးနဲ့ လျှောက်လည်လည်းရတယ်

မျက်စိတစ်ဆုံး သဲသောင်ပြင်ကြီး

လူအရောက်အပေါက်များတဲ့နေရာမှာတော့ လူခြေရာတွေ ကားဘီးရာတွေ
ဟိုးအဝေးထိလူမသွားနိုင်ကြတော့ အဲဒိက သဲခုံက ခြေရာ လုံးဝမရှိဘဲ အရမ်းလှနေမှာလို့ တွေးမိတယ်။

အဖြူရောင်သဲခုံပေါ်က ပြန်မဆင်းခင်

Yellow Sand Dune (Red Sand Dune)
အပြန်မှာတော့ ခုနမ၀င်ခဲ့တဲ့ အ၀ါရောင်သဲခုံတွေဆီ ၀င်ပါတယ်။ တစ်ချို့က Red Sand Dune (အနီရောင်သဲခုံ) လို့ခေါ်ကြပါတယ်။ ဒီသဲခုံက ရာသီအလိုက် အရောင် ပြောင်းတယ်လို့ သိရပါတယ်။ ကိုယ်တို့သွားတဲ့အချိန်မှာတော့ အ၀ါရောင်၊ အညိုဖျော့ရောင် သဲတွေပါ။  ဒီသဲခုံက တက်ရတာ ပိုမတ်ပါတယ်။ အဖြူရောင်သဲခုံလောက် မကျယ်ပြန့်ပေမယ့် သဲခုံပေါ်ရောက်သွားပြီး အောက်ကရှူခင်းတွေကြည့်ရတာ စိတ်ကြည်နူးစရာပါ။ ဒီသဲခုံမှာတော့ သဲလျှောစီးချင်တဲ့သူတွေအတွက် ဘုတ်ပြားလေးတွေငှားစီးနိုင်ပါတယ်။ သဲခုံတောင်ပေါ်ကို ဘုတ်ပြားလေးယူသွား၊ အဲဒိကမှ ဘုတ်ပြားပေါ်ထိုင်ပြီး လျှောဆင်းကြတာပါ။ ငယ်ငယ်က ဆော့သလိုပေါ့။ စကတ်ဝတ်သွားမိလို့ စီးဖို့ အဆင်မပြေတာနဲ့ မစီးခဲ့ရပါဘူး။


အ၀ါရောင် သဲခုံပေါ်မှာ

အ၀ါရောင်သဲခုံ က အပြန်တော့ နေစောင်းနေပါပြီ။ resort ကို ပြန်ရောက်တာနဲ့resort အနောက်က ပင်လယ်ထဲ ခဏဆင်းကြပါတယ်။


ညစာစားရင်း မနက်ဖြန် mount Ta Cu (တာကူးတောင်) ပေါ်ကို သွားကြမလား တိုင်ပင်ကြပါတယ်။ အားလုံးသဘောတူတာနဲ့ သူငယ်ချင်းနှစ်ယောက် အခန်းပြန်ခိုင်းလိုက်ပြီး ကိုယ်တို့နှစ်ယောက်ပဲ resort ရှေ့က တိုးရုံးခန်းမှာပဲ Private Jeep Tour ကို သွားဝယ်ကြပါတယ်။ အဲဒိအချိန် တိုးရုံးခန်းတောင် ပိတ်ခါနီးဖြစ်နေပါပြီ။ ၀န်ထမ်းအမျိုးသမီးတစ်ယောက်ပဲ ရှိပြီး ရုံးခန်းပိတ်ဖို့ပြင်ဆက်နေပါပြီ။ တိုးက မနက် ၈ နာရီထွက်ပြီး နေ့လည် ၁ နာရီလောက်ပြန်ရောက်တယ်ဆိုတော့ ကိုယ်တို့ ဟိုချီမင်းအပြန်ကား က ၁ နာရီထွက်မှာရယ်၊ နေ့လည်စာစားဖို့အချိန်ရယ် နဲ့ နဲနဲစောထွက်ပြီး ခရီးစဉ်ထဲပါတဲ့ တစ်ချို့နေရာတွေ မသွားတော့ဘူး လို့ ညှိနှိုင်းပါတယ်။ အဓိကက နေ့လည် ၁၂ နာရီလောက်ပြန်ရောက်ဖို့ပါပဲ။  မနက် ၇ နာရီခွဲ ထွက်ဖို့ပြောပြီး အခန်းပြန်ခဲ့ကြပါတယ်။

cheers!!!!

ညစာမစားခင် ပင်ပန်းနေတဲ့ ရုပ်ကလေးတွေနဲ့

မွေ့နဲရဲ့ ညစာ

(စကားချပ်။ ။ အပျော်ခရီးသွားတဲ့အချိန် ပစ္စည်းပျောက်ရင် အပျော်တစ်ချို့ ပဲ့ပါသွားတတ်ပါတယ်။ကိုရီးယားခရီးတုန်းက နှင်းလျှောစီးတဲ့အခါဝတ်တဲ့ မျက်မှန်ပျောက်သွားတုန်းကလည်း ပြန်လျော်ရတဲ့  ပိုက်ဆံကို နှမြောမိတဲ့အခါ စိတ်အနှောင့်အယှက်နဲနဲဖြစ်မိသလိုပါပဲ။

အခုလည်း tour package သွားဝယ်ရင်း ရုံးခန်းကောင်တာပေါ်မှာ ကင်မရာတင်ထားပြီးမေ့ခဲ့တာ တစ်ညလုံး သတိမရပါဘူး။ နောက်တစ်နေ့မနက်စောစောပြင်ဆင်ပြီး ထွက်တော့မယ်ဆိုမှ သတိရပါတယ်။ အမျိုးသားက ကင်မရာကိုယ့်ကိုပေးထားတဲ့အချိန် ကိုယ် ကောင်တာပေါ်တင်လိုက်တာ သူမှတ်မိလိုက်လို့ ရုံးခန်းကို ပြေးပါတယ်။ ရုံးက မနက် ၇ နာရီမှ ဖွင့်မှာဆိုတော့ နာရီဝက်လောက်စောင့်လိုက်ရပါတယ်။ မနက် ၇ နာရီထိုးတော့ ၀န်ထမ်း ၃ ယောက်ရောက်လာပြီး ရုံးခန်းကို ဖွင့်ပြီး အထဲမှာ ပြင်ဆင်နေကြပါတယ်။ ဘယ်သူ့ကိုမှ ပေးမ၀င်သေးပါဘူး။ ကိုယ့်အမျိုးသားက အပေါက်ဝကနေပဲ ကင်မရာကျန်ခဲ့တဲ့ အကြောင်းပြောပြီးမေးတော့ မနေ့ကတိုး  ၀ယ်တုန်းကရောင်းပေးတဲ့ အမျိုးသမီးက စကားနားမလည်သလို အူကြောင်ကြောင်လုပ်ပြီး မသိချင်ယောင်ဆောင်နေပါတယ်။ တခြားဝန်ထမ်းတစ်ယောက်က သူတို့ ဆိုင်ဖွင့်ခါစမို့ ပြင်ဆင်တာ မပြီးသေးလို့ ခဏအပြင်မှာစောင့်ဖို့ပြောပါတယ်။ ၀င်လို့ရပြီဆိုတဲ့အချိန် ၀င်ပြီးပြောပေမယ့် စောင့်နေကြတဲ့ ခရီးသည်တွေ ပြုံဝင်ကြလို့ ကိုယ်တို့ကို မသိချင်ယောင်ဆောင်ထားပြီး တခြားသူတွေကို ၀န်ဆောင်မှုပေးနေကြပါတယ်။ ကိုယ့်အမျိုးသားက ဒေါသထွက်လာပြီး အသံကျယ်ကျယ်နဲ့ ခပ်တင်းတင်း မနေ့ညက ဒီနေရာမှာ ကျန်ခဲ့တဲ့ ကင်မရာ တွေ့သလားလို့ မေးတော့မှ ၀န်ထမ်းတစ်ယောက်က အံဆွဲထဲက ကင်မရာကို ထုတ်ပြပြီး ဒါလား မေးပါတယ်။ ကိုယ်တို့ကင်မရာဖြစ်ကြောင်း ကင်မရာထဲက ကိုယ်တို့ပုံတွေကို သက်သေပြပြီး ပြန်ရခဲ့ပါတယ်။

 ကျေးဇူးတင်ကြောင်းပြောတာကို ၀န်ထမ်းတွေက ပြုံးစိစိနဲ့ ကျန်ခဲ့ပါတယ်။ ဘာသဘောလဲတော့ မသိပါဘူး။ ရိုးသားမှု သိပ်မရှိဘူးလို့ခံစားရပါတယ်။ ဒါတောင် ကိုယ်တို့က သူတို့တိုးနဲ့ လာ၊ သူတို့တိုးပိုင် resort မှာတည်းပြီး၊ နောက်ထပ်တိုးလာဝယ်တဲ့ customer တွေပါ။ ညက လက်မှတ်ရောင်းလိုက်တဲ့ အမျိုးသမီးက ကိုယ်တို့က ကင်မရာလို့ ဟလိုက်တာနဲက မသိချင်ယောင်ဆောင်ပြီး ပစ္စည်းတွေရှင်း ဟိုလုပ်ဒီလုပ် လုပ်နေတာကိုက ရိုးသားမှုမရှိတာပါ။ ညက သူတစ်ယောက်ပဲ ရှိပြီး ကိုယ်တို့အပြန် သူ ရုံးဆက်ပိတ်ဖို့ လုပ်နေတာ အမြင်ကို သူတွေ့လို့ သိမ်းထားရင်လည်း ဒီမနက် ထုတ်ပေးလိုက်ရင် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိမှာပါ။ အခုတော့ မသိချင်ယောင်ဆောင်ဖို့ကြိုးစားတာကို မြင်နေရတော့ ကျေးဇူးတင်စကားတောင် ပုံမှန်ပဲ ပြောဖြစ်ပါတော့တယ်။ မုန့်ဖို့တောင်းဖို့ အချိန်ဆွဲတာလို့ ကိုယ်ကတော့ ထင်တာပါပဲ။

ခရီးသွားရင်း ပစ္စည်းပျောက်တာ က ပစ္စည်းကို တန်ဖိုးထားရင် ထားရသလောက် စိတ်အနှောက်အယှက်ဖြစ်ရတာပါပဲ။ ကိုယ့်အတွက်ကတော့ တော်တော်ကို သတိထားနေရတော့မှာပါပဲ။)

Hello Saigon - Introduction
Hello Saigon - Day 1 : Sightseeing in Ho Chi Minh City
Hello Saigon - Day 2 : Mui Ne Sand Dunes
Hello Saigon - Day 3 : Tacu Mountain Jeep Tour

No comments:

Post a Comment

Hello Saigon - Day 3 : Tacu Mountain Jeep Tour

ဖေဖော်ဝါရီ ၂၀၁၇။ တာကူးတောင် - မွေ့နဲ။  မနက်စောစော ကင်မရာကိစ္စပြီးသွားတော့မှ resort က ကျွေးတဲ့ မနက်စာ ဘူဖေးစားကြပါတယ်။ အတူပါတဲ့ သူငယ်...